»
ဓမ္မစကား နေ့တိုင်းကြားက၊ စိတ်ထားဖွေးလက်၊ သိဉာဏ်ထက်၏

Thursday, July 3, 2008

အတွေးအမြင်စာစုများ အပိုင်း(၁)

  • သူတစ်ပါး၏ အကျိုးကို အပိုင်စီးလျှင် အမျိုးတော်သည့်တိုင် အငြှိုးကြီးတော့၏။
  • သူတစ်ပါး၏ အကျိုးကို ဆောင်ရွက်လျှင် အငြှိုးရှိသည့်တိုင် မိတ်ဆွေဖြစ်လာ၏။

  • စေတနာအရင်းခံ စကားပြောလျှင် တရားနည်းလမ်း တိကျရမည်။
  • စေတနာအရင်းခံဖြင့် အလုပ်လုပ်လျှင် ခွန်အားဗလကြီးစမြဲ။

  • အသက်ထင်ရှားရှိစဉ် လူများအတွက် အကျိုးပြုခဲ့လျှင် ကွယ်လွန်ပြီးနောက် လူအများ၏ ရိုသေကြည်ညိုခြင်း ခံရ၏။
  • စိတ်ကောင်းစေတနာကို မိမိကိုယ်တိုင် သိဖို့လို၏။ သူတစ်ပါးကို ပြသရန် မလို။

  • ကောင်းမှုကုသိုလ်ကို သူတစ်ပါးက ချီးကျူးပါစေ။
  • မိမိကိုယ်တိုင် ဂုဏ်မယူပါနှင့်။

မိုးကောင်းကင်

ဆက်ဖတ်ရန်...

Friday, June 6, 2008

အရီခံရသူ သုံးဦး

မိမိကိုယ်ကို အလိုရှိရာ
ငါပြုနိုင်စွ အစိုးရဟု
မှတ်ကြသူဝယ်
သေမင်းရယ်၏။

အကယ်မာန်ကိုး
မြေနှင့် မိုးကိုး
အုပ်စိုးရသူ
ငါလျှင်ဟူ၍
မှတ်ယူမင်းဝယ်
မြေကြီးရယ်၏။

သက်လှယ်နုထွား
ငါ့မယားက
ဘွားသည့်သည်းချာ
ငါ့သားသာဟု
မှတ်ရှာသူဝယ်
မယားရယ်၏။

(မာန်လည်ဆရာတော်ကြီး၏ ကဗျာအား ထုတ်နုတ်ဖော်ပြပါသည်)

မိုးကောင်းကင်

ဆက်ဖတ်ရန်...

Wednesday, May 28, 2008

ဝိပဿနာတရားသင်တန်း အမေးအဖြေများ

မေး- ကြာကြာထိုင်နိုင်မှ တရားရပါသလား။
ဖြေ- တရားအားထုတ်တဲ့ အသိုင်းအ၀ိုင်းမှာ ကြာကြာထိုင်နိုင်မှ တရားရတယ်ဆိုတဲ့ အစွဲက ကြီးလွန်းပါတယ်။ တရားဆိုတာ ကောင်းကျိုး ချမ်းသာရစေနိုင်တဲ့ ကုသိုလ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ကုသိုလ်မျိုးစုံနဲ့ ဆိုင်တာပေါ့။
ဒါနကုသိုလ် အလှူပေးတဲ့အခါ ထိုင်တဲ့အမူအရာနဲ့သာ အလှူပေးရမယ်လို့ သတ်မှတ် မထားပါဘူး။ သီလ ကုသိုလ်လည်း ထိုင်နေပြီးတော့သာ စောင့်ထိန်းရမယ့်လို့ မဆိုပါဘူး။ သမထ၀ိပဿနာနဲ့ ပတ်သက်လို့လည်း စဉ်းစားကြဖို့ ကောင်းတယ်။
သမထ၀ိပဿနာနဲ့ ပတ်သက်လို့ ကုသိုလ်ကို ပွားများရင် သွားရင်း၊ ရပ်ရင်း၊ ထိုင်ရင်း၊ လျောင်းရင်း ပွားများလို့ ရပါတယ်လို့ ဘုရားရှင်က မိန့်တော်မူတယ်။ တကယ် လက်တွေ့မှာလည်း ပွားများလို့ ရတာပါပဲ။ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ စတဲ့ သမထကမ္မဋ္ဌာန်း တွေဟာလည်း က္ကရိယာပုတ် အမူအရာမျိုးစုံနဲ့ ပွားများလို့ ရပါတယ်။
ကသိုဏ်းဆယ်ပါး အားထုတ်ရာမှာတော့ (ပဋိဘာဂနိမိတ်) အပြင်အာရုံနဲ့ မိမိစိတ်ထဲမှာ ထင်တဲ့အာရုံ၊ ထပ်တူထပ်မျှ သဘောဆောင်တဲ့ ကသိုဏ်းနိမိတ်ဟာ စိတ်ထဲခိုင်မြဲအောင် မထင်ရှားသေးခင် အချိန်ခဏမှာ ထိုင်က္ကရိယာပုတ်ကို မပြောင်းပြင်ဘဲ နေပေးရပါတယ်။ ပြောင်းရွှေ့လိုက်ရင် ပဋိဘာဂနိမိတ်ထင်ဖို့ မလွယ်ဘူး။ ပျက်လည်း ပျက်တ်လို့ပေါ့။ ဒီနိမိတ်ထင်ရှားရင် ထသွားလို့ ရပါပြီ။ သထမ အားထုတ်ရာမှာ မထရ၊ မရွှေ့ရဆိုတာ အချိန်အတိုင်းအတာ တစ်ခဏလောက်သာပါ။


ဝိပဿနာ တရားအတွက်ကတော့သွားရင် သွားမှန်းသိ။ ရပ်ရင် ရပ်မှန်းသိ၊ ကျင်ကြီးကျင်ငယ် စွန့်ရင်လည်း စွန့်မှန်းသိလို့ ဘုရားရှင်က မိန့်တော်မူထားပါတယ်။ အထိုင်ကြာမှ တရားရတယ်ဆိုတဲ့ အစွဲကြီးကိုတော့ သေသေချာချာ စဉ်းစားကြဖို့ ကောင်းတယ်။
ဘာဝနာတရားအားထုတ်ရာမှာ ထိုင်တဲ့ အမူအရာ က္ကရိယာပုတ်က အားမထုတ် တတ်သေးတဲ့ သူတွေအတွက် အခြေခံအစ သင့်တော်လို့ ညွှန့်ပြတဲ့ စကားပါ။ နိရောဓ သမာပတ်၊ ဖလသမာပတ် ၀င်စားတော်မူကြတဲ့ အရိယာ ပုဂ္ဂိုလ်ကြီးတွေ အတွက်တော့လည်း ကြာကြာထိုင်ကြတယ်ဆိုတာ ဟုတ်ပါတယ်။ ချုပ်ငြိမ်းမှုချမ်းသာ ဖိုလ်ချမ်းသာ တွေကို ခံစားဖို့ စိတ်ရဲ့ အဓိဌာန်သဘောနဲ့ နေကြတာပါ။

အဓိကအားဖြင့် ၀ိပဿနာ အသိဥာဏ် ရအောင် အားထုတ်နေတဲ့ သူတွေအတွက် ရုပ်နာမ် ပရမတ်အာရုံကို ကြည့်နေရပါတယ်။ ရုပ်နာမ်အာရုံ ဆိုတာက ထိုင်နေနေ၊ ရပ်နေနေ၊ သွားနေနေ၊ သဘောတရား မပြောင်းလဲပါဘူး။ အမူအရာ ကိုယ်ကောင်ကြီးသာ ပြောင်းလဲ တာပါ။

ကြာကြာထိုင် နေပြီး အာရုံတခြား စိတ်ကသွားနေမယ်၊ ရောက်နေမယ်၊ ထိုင်နေရင်း အိပ်ပျော်နေမယ်၊ အသိလွတ်ပြီး မှိန်းနေမယ် ဆိုရင်တော့ ၀ိပဿနာ တရား မဖြစ်ပါဘူး။ အလကားပါပဲ။

ဒါ့ကြောင့် ကြာကြာထိုင်တာနဲ့ တရားရတာနဲ့ မဆိုင်ပါဘူး။ အသိဥာဏ်တိုးတက် မြင့်မားတာသာ တရားနဲ့ ဆိုင်ပါတယ်။

(သာထွန်းပြန့်ဓမ္မစာစောင်မှ ဓမ္မဒူတ အရှင်ဆေကိန္ဒ၏ အဖြေများကို ဖော်ပြပါသည်။)

မိုးကောင်းကင်

ဆက်ဖတ်ရန်...

အမေနဲ့ သား အပြန်အလှန်ပြောဆိုခြင်း

ဆွမ်းအုပ်နီနီ အမေရွက်လို့၊
နက်ဖြန်မနက် ကျောင်းထွက်မယ်။

မောင်လဲလိုက်မယ် ချန်မထားနဲ့
အမေသွားတော့ ပျင်းလှတယ်။

ကျောင်းကြီးပေါ်မှာ
မောင်ငယ်ဆော့တော့
ဘုန်းကြီးအော်လို့ ရိုက်လိမ့်မယ်။

မောင်မဆော့ပါ စိတ်ပုတီးနဲ့၊
ဘုန်းတော်ကြီးလို နေပါ့မယ်။
လိုက်မယ် .... လိုက်မယ်။

(ဆရာကြီးမင်းသုဝဏ်၏ ကဗျာလေးအား ဖော်ပြပါသည်။)


မိုးကောင်းကင်

ဆက်ဖတ်ရန်...

Saturday, May 24, 2008

ပွင့်မြမွှေးပြုံးလှဆုံးပန်း

ကိုယ်ပေးသည်သာ ကိုယ်ရပါမည်
သံသရာတစ်ပတ်လည်မှုသာ။

အကုသိုလ်ကံ နောက်လိုက်ပြန်သည်
ဆက်ဆံအလှည့် ကြုံမည်သာ။

မြတ်ကုသိုလ်ကံ တစ်လှည့်ပြန်၏
လက်ခံအရိပ် ကျမည်သာ။

ကိုယ်စွမ်းသမျှ
ကာယခွန်အား မြတ်စိတ်ထားဖြင့်
ပေးကားတစ်နည်း မေတ္တာကြီးစွ
ပို့သဘာဝနာ မျှဝေပါလျှင်
ချမ်းသာကိုယ့်မှာ သတ္တ၀ါရွှင်လန်း
ပွင့်သောပန်းနှင့်
တင့်ဆန်းမွှေးမြသက်လုံးတကား။ ... ။

(သာထွန်းပြန့်ဓမ္မစာစောင်မှ မောင်သဲခေါင်၏ ကဗျာကို ဖော်ပြပါသည်။)

မိုးကောင်းကင်

ဆက်ဖတ်ရန်...

Tuesday, May 20, 2008

They Fall Off

They fall off
Flower, fruits, buds.

Some are tender and fresh,
Some still awaiting maturity,
Some are ripe,
Some shaken off by wind,
Some struck by rain.

Some are plucked,
Others insect-eaten.

Some rot and fall off for no apparent reason.
They fall off by day, by night, in the morning.


ကြွေ

ဖူးကြွေ ပွင့်ကြွေ
အကင်းကြွေနှင့်
နုကြွေ ရင့်ကြွေ
အမှည့်ကြွေတို့
လေကြွေ မိုးကြွေ
ပိုးကိုက်ကြွေ၍
ခူးကြွေ ပုပ်ကြွေ
ထိုထိုကြွေသည်
နေ့ကြွေ ညကြွေ နံနက်ကြွေ ။ ။

(သာထွန်းပြန့်ဓမ္မစာစောင်မှ အရှင်နိမ္မလ၏ ကဗျာကို ဖော်ပြပါသည်။)

မိုးကောင်းကင်

ဆက်ဖတ်ရန်...

မုန်းကြဖို့ ချိန်တန်ပြီ

လောကီဘုံအာရုံများကိုလ
မျောမကုန် သင်ခံစားချင်ပါ့
သောကဘုံအပါယ်လားပေလိမ့်
မမှားကြဖို့ သတိယှဉ်၊
သိအမြင်ထွေပြားလျှင်ဖြင့်
နေ့မခြားနစ်ဖို့ပင်။

ခွင့်သာခိုက်မို့ လိုက်စေချင်
စရိုက်အိုတွင် မွေ့လျှင်ရှုံး၊
မုန်းကြဖို့ ချိန်တန်ပြီမို့
ဇိမ်ခံကာ လောဘကြီးလျှင်ဖြင့်
သောကမီး တစ်ရှိန်ရှိန်နှင့်
အပါယ်အိမ် မပြန်လမ်းကို
မှန်း၍ ကြောက်ဦး(အုံး)။ ။


(သာထွန်းပြန့်ဓမ္မစာစောင် မှ စာရေးဆရာ ကိုသိန်းဆွေ(ဆင်စွယ်)၏ ကဗျာကို ဖော်ပြပါသည်။)

မိုးကောင်းကင်

ဆက်ဖတ်ရန်...