»
ဓမ္မစကား နေ့တိုင်းကြားက၊ စိတ်ထားဖွေးလက်၊ သိဉာဏ်ထက်၏

Tuesday, May 20, 2008

ကျေးဇူးဆပ်ကြစို့လား

လောကကို ကြည့်ဖို့ရန် အလင်းရောင်ကို စတင်ထွန်းညှိပေးသူမှာ မြတ်စွာဘုရားဖြစ်ပါသည်။ မြတ်စွာဘုရားသည် ၄၅ နှစ်တိုင်တိုင် အလင်းရောင်ကို ထွန်းညှိပေးတော်မူပြီး ပရိနိဗ္ဗာန်ပြုသွားခဲ့လေသည်။
ထိုအလင်းရောင်သည် မှေးမှိန်အံ့သကဲ့သို့ ဖြစ်လေသည်။ အကယ်၍သာ အလင်းရောင်သည် မှေးမှိန်ရုံသာမက လုံးဝချုပ်ငြိမ်းသွားခဲ့ပါလျှင် လောကသည် အမိုက်အမှောင် အတိ ပြန်လည်၍ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် မြတ်စွာဘုရား ထွန်းညှိပေး တော်မူခဲ့သော အလင်းရောင် မငြိမ်းပါစိမ့်သောငှာ အရှင်မဟာကဿပ အမှူးပြုသော ရဟန္တာမထေရ်ကြီးများသည် ပထမသင်္ဂါယနာ တင်သောအားဖြင့် ဆီဖြည့်တော် မူခဲ့ပါသည်။ ထိုကြောင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြု တော်မူပြီးနောက် ထွန်းညှိပေးတော်မူခဲ့သော အလင်းရောင်သည် မငြိမ်းခြင်း ဖြစ်သည်။ အရှင်မဟာကဿပ အမှူးပြုသော သံဃာတော်များ၏ ကျေးဇူးကား ကြီးမားလှပါသည်။ ထိုကြီးမားလှသော ကျေးဇူးကို သိဖို့လည်း လိုပါသည်။ ပြန်ဆပ်ဖို့လည်း လိုပါသည်။
ဤနေရာ၌ ကျေးဇူးဆပ်ခြင်းဟူသည် လောကကို ပိဋကတ်စာပေ အလင်းရောင်ဖြင့် ကြည့်ခြင်းဖြစ်ပါသည်။ ပိဋကတ်စာပေ အလင်းရောင်ဖြင့် လောကကိုကြည့်သောအခါ အသိမှားယွင်းမှု “အဓမ္မ” သဘောကို မြင်လာမည် ဖြစ်ပါသည်။ ထိုအခါ မှားယွင်းမှု အဓမ္မသဘောကို ရှောင်ရှား၍ အသိမှန်ကန်မှု ဓမ္မသဘောကို ဆောင်လာမည် ဖြစ်ပါသည်။
ထို့အပြင် ကိုယ်ကျင့်သိက္ခာပျက်ပြားမှု အ၀ိနယသဘောကိုလည်းကောင်း ကိုယ်ကျင့်သိက္ခာ ဖြူစင်မှု “၀ိနယ” သဘောကို လည်းကောင်း မြင်လာမည် ဖြစ်ပါသည်။ ထိုအခါ ကိုယ်ကျင့်သိက္ခာ ပျက်ပြားမှု “၀ိနယ” သဘောကို ရှောင်၍ ကိုယ်ကျင့်သိက္ခာဖြူစင် မြင့်မြတ်မှု “၀ိနယ” သဘောကို ဆောင်လာမည် ဖြစ်ပါသည်။
ဤသို့ ဖြစ်လာမှ သံဃာတော်များအား ကျေးဇူးဆပ်ရာ ရောက်မည် ဖြစ်သည့်အပြင် လောကအတွက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်တိုင် အနစ်နာခံတော် မူခဲ့သော မြတ်စွာဘုရားအားလည်း ကျေးဇူးဆပ်ရာ ရောက်မည် ဖြစ်ပါသည်။

(သာထွန်းပြန့် ဓမ္မစာစောင်မှ ဖော်ပြသည်။)

မိုးကောင်းကင်

0 ထင်မြင်ချက်များ: